အဆုတ်ကို အစားထိုးကုသလို့ ရသလား
အသည်း၊ နှလုံးနဲ့ ကျောက်ကပ်အစားထိုးတာတွေကို ရုပ်ရှင်တွေထဲမှာရော အပြင်မှာပါ မြင်ဖူးကြားဖူးနေကြပေမယ့် အဆုတ်အစားထိုးတာကိုတော့ မြင်ဖူးကြားဖူးနေကျ မဟုတ်လို့ အဆုတ်အစားထိုးလို့ရော ရလားလို့ တွေးနေကြလား။
ဟုတ်ကဲ့၊ အဆုတ်ကလည်း အစားထိုးကုသလို့ ရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါပဲ။
အဆုတ်အစားထိုးကုသတဲ့အခါ အသက်ရှင်ဆဲသူတွေဆီက အဆုတ်တစ်စိတ်တစ်ပိုင်းကို ယူပြီးအစားထိုးတာမျိုး ရှိပေမယ့် အရမ်းကို ရှားပါးပြီး အများအားဖြင့် သေဆုံးသူတွေရဲ့ အဆုတ်ကိုယူပြီးသာ အစားထိုးလေ့ရှိပါတယ်။ ။ အဆုတ်အလှူရှင် ရှားပါးတဲ့အတွက် UK လို နိုင်ငံမျိုးမှာတောင် အဆုတ်အစားထိုးခြင်းကို မကြာခဏလုပ်လေ့ မရှိပါဘူး။
ဘယ်လိုလူတွေက အဆုတ်အစားထိုးဖို့ လိုအပ်နိုင်သလဲ?
- နာတာရှည်အဆုတ်ရောဂါတွေရှိပြီး တခြားကုသမှုတွေကို တုန့်ပြန်မှုမရှိတော့တဲ့သူတွေ
- အဆုတ်ကို အစားမထိုးရင် သက်တမ်း ၂နှစ်ကနေ ၃နှစ်အတွင်းသာ ရှိတော့တဲ့သူတွေကို အဆုတ်အစားထိုးကုသဖို့ ရွေးချယ်လေ့ရှိပါတယ်။
အဆုတ်အစားထိုးဖို့ လိုအပ်နိုင်တဲ့ နာတာရှည် အဆုတ်ရောဂါတွေမှာ
- Chronic obstructive pulmonary disease (COPD) လို့ခေါ်တဲ့ ဆေးလိပ်ကြောင့် နာတာရှည်အဆုတ်လေပြွန်ကျဥ်းပြီး အဆုတ်ပျက်စီးတဲ့ရောဂါ
- Cystic fibrosis လို့ခေါ်တဲ့ အဆုတ်ထဲမှာ ချွဲသလိပ်တွေများပြီး အဆုတ်ပျက်စီးတဲ့ရောဂါ
- အဆုတ်သွေးကြောထဲမှာ သွေးဖိအားများတဲ့ရောဂါနဲ့
- အဆုတ်အမာရွတ်ဖြစ်တဲ့ အခြေအနေတွေ ပါဝင်ပါတယ်။
အစားထိုးရာမှာ
- အဆုတ်တစ်ဖက်တည်းကို အစားထိုးတာ (အဆုတ်အမာရွတ် ဖြစ်တဲ့သူတွေ)
- အဆုတ်နှစ်ဖက်လုံးကို အစားထိုးတာ (COPD ဖြစ်တဲ့သူတွေ)
- အဆုတ်နှစ်ဖက်လုံးရော၊ နှလုံးရော အစားထိုးတာ (အဆုတ်သွေးကြောတွင်း သွေးဖိအား များသူတွေ) ဆိုပြီး အမျိုးမျိုး ရှိပါတယ်။
အဆုတ်အစားထိုးကုသမှု မခံယူခင် ကျန်တဲ့ နှလုံး၊ အသည်း၊ ဦးနှောက်၊ ကျောက်ကပ်စတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ပုံမှန်ဖြစ်မဖြစ် အရင်စစ်ဆေးရပါမယ်။
ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်တာ၊ အဝလွန်နေရင် ဝိတ်ချတာတွေလည်း လုပ်ဖို့ လုပ်ပါတယ်။
အဆုတ်အစားထိုးကုသမှုဟာ မေ့ဆေးပေးပြီး လုပ်ရတဲ့ ခွဲစိတ်မှု ဖြစ်ပြီး ၄နာရီကနေ ၁၂ နာရီခန့် ကြာမြင့်နိုင်ပါတယ်။ အကြီးစားခွဲစိတ်မှု ဖြစ်တဲ့အတွက် နာလန်ထပြီး ပုံမှန်ပြန်ဖြစ်ဖို့ သုံးလခန့်ထိ ကြာမြင့်နိုင်ပါတယ်။
ဆိုးကျိုးရှိနိုင်သလား?
ရှိနိုင်ပါတယ်။ အဖြစ်နိုင်ဆုံးဆိုးကျိုးက အစားထိုးထားတဲ့ အဆုတ်ကို ခန္ဓာကိုယ်ကနေ လက်မခံဘဲ ပြန်တိုက်ထုတ်တာပါ။ ပြန်တိုက်ထုတ်တဲ့အတွက် ကိုယ်ခံအားစနစ်ကို ထိခိုက်နိုင်ပါတယ်။
အဲဒီလို ပြန်တိုက်ထုတ်တာမဖြစ်အောင် ကိုယ်ခံအားစနစ်ကို ဖိနှိပ်ထားတဲ့ဆေးတွေ ပေးထားရတဲ့အတွက် ကိုယ်ခံအားကျပြီး ရောဂါပိုးတွေ ဝင်လာနိုင်ပါသေးတယ်။
ဒါတွေအပြင် ခွဲစိတ်နေစဥ် သွေးထွက်လွန်တာ၊ ခွဲစိတ်မှု မအောင်မြင်တာ၊ ခွဲပီးမှ ပြန်နိုးမလာတာ စတဲ့ ဆိုးကျိုးတွေလည်း ရှိနိုင်ပါသေးတယ်။
မူရင်းအရာထက်တော့ ဘာမှ ပိုမကောင်းဘူး မဟုတ်လား။ အဆုတ်အပါအဝင် ကိုယ်အင်္ဂါတွေကို အစားထိုးလို့ ရနေပြီ ဆိုပေမယ့် အလှူရှင်လည်း ရှိဦးမှ၊ ကိုယ်ခန္ဓာကိုယ်ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံဦးမှ၊ ခွဲစိတ်မှုလည်း အောင်မြင်ဦးမှ အသက်ဆက်ရှင်သန်ခွင့်ရမှာမို့ ကျန်းမာရေးနဲ့ညီအောင် နေထိုင်စားသောက်ဖို့ မမေ့ကြပါနဲ့နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်